Sunday 31 July 2011

အမျိုးသားတို့ ၏ ဗျတ္တိဥာဏ

ယခုအခါ မြန်မာပြည်သားတို့က ကိုယ့်အားကို ကိုယ်ကိုး၍ ကုန်ကုန်စွန့်စားကြတော့မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလနှင့် ကြီးပွားချမ်းသာ အားထုတ်ယုံကြည်လျက်ရှိကြောင်းများကို တရံတထံလူများနှင့် ဗြူရိုကရက် အစိုးရများက ထင်ရှားလိလိ သိကြသေးဟန်မတူချေ။ 

ထိုသူတို့နှင့် အစိုးရတို့က ပြည်သူတို့၏ ထုံအခြင်း၊ ဆင်းရဲပင်ပန်းသောဒုက္ခကို လျစ်လျူရှု၍နေကြတော့သည်မဟုတ်၊ စိုးအုပ်သောအရာရှိတို့၏ အသိဥာဏ်ဖြင့် ထင်မြင်နှိုင်းချိန် တွေးဆသိရသည်ထက် လျှင်မြန်စွာ မြန်မာများက နိုးကြားကြ၍ ဆူပူလှုပ်ရှား စိတ်ထက်သန်ရှိပြီးဖြစ်ကြောင်းကို ထင်ရှားသိသာပေတော့မည်။ 

ဝှိုက်ကော်မတီ ခေါ် အဖွဲ့အသင်းကို မြန်မာပြည်သို့ စေလွှတ်လိုက်လေသော်ညလည်း ထိုဝှိုက်ကော်မတီကို တညီတညာတည်း (ဘွိုင်းကော့)လုပ်ကြခြင်း၌ ကောင်းမွန်စွာ အောင်မြင်ခြင်းကြောင့် ထိုဝှိုက်ကော်မတီတွင်ဝင်ရောက်စွက်ဖက် ဆောင်ရွက်ခြင်းထက် အများကြီးအားရစရာ အောင်မြင်ရပြီးလျှင် မြန်မာ့ အယူဘာသာတို့၏ သူရသတ္တိဇာတိမာန ဗျတ္တိဥာဏမှစ၍ သွေးဓါတ်စိတ်ဓါတ်တို့ကို သိရှိထားစေခဲ့ခြင်း အမျိုးသားတို့၏ ဂုဏ်သည်ထင်ပေါ်ကျော်ဇော့ခဲ့ရခြင်းဖြစ်လေသည်။

အမျိုးသမီးတို့သည် ရေးကြီးခွင်ကျယ်နှင့် ကြုံကြိုက်သောအခါ မိန်းမတို့၏ တင်္ဂနုပ္ပတ္တိဥာဏ်၊ ဇဝနဥာဏ် တ္ထိယမာန်အကြံတို့ဖြင့် သန်သန်စွမ်းစွမ်းဆောင်ရွက်ခဲ့ကြသည်မှာ များစွာချီးမွမ်း ဥဒါန်းမကြေ ရှိစေပေသည်။

လူကြီးလူငယ်မှစ၍ အနည်းငယ် သာမညသော သူတို့မှအပ မြန်မာအမျိုးသား အားလုံးတို့ပင်လျှင် ဝှိုက်ကော်မတီတွင် ဝင်ရောက်သင်သေခံခြင်းမလုပ်ကြသည့်အတွက် မြန်မာအမျိုးသားတို့သည် မိမိတို့ကိုယ်တိုင် တာဝန်ခံ၍ အုပ်ချုပ်၇န် အခြေအနေနှင့် ထိုက်တန်ကြောင်းကို ကိုယ့်မြန်မာအမျိုးသားတို့ကိုက ရိုသေ၍ အခြေကြီးမြင့်အောင် ပြုခဲ့လေသည်။

အယောင်ဆောင်မျှသာ

အိန္ဒိယပြည်တွင်နှစ်ပေါင်းများစွာ ဆူပူလှုပ်ရှား ကြွေးကြော်ကြပြီးသော်လည်း မြန်မာပြည်၌ရရှိသော ဒိုင်အာခီစနစ်လောက်မျှ ကောင်းမွန်စွာမရရှိခဲ့ကြပေ။ 

ဆရာတော်သည် ဒိုင်အာခီနည်းစနစ်ကို နှစ်သက်၍မဟုတ်။

ဒိုင်အာခီစည်းစနစ်၌ အကျိုးဖြစ်ထွန်းဖွယ်ရာ အနှစ်သာရ ဥပဒေရှိသည်ဟု မယုံကြည်နိုင်။ 

ထိုစည်းစနစ်သည် ဆိုးဝါးလှသဖြင့် ပြည်သူအများတို့ကို အနှောင်အဖွဲမှ တိုး၍ နစ်မြုပ်ချုပ်ချယ်ရာသော စည်းကမ်းများဖြစ်လေသည်။

ဗြူရိုကရက်စနစ်တွင် အစိုးရတို့က ပြည်သူကို မတိုင်ပင်ဘဲလျှက်၎င်း၊ ပြည်သူတိှု့ဆန္ဒကို အရေးမမူ၍၎င်း၊ အစိုးရတို့အလိုရှိရာ ပြုလုပ်နိုင်ခွင့်ရှိသည်။ 

ဒိုင်အာခီနည်းစနစ်မှာ ပြည်သူတို့အနက် အသိဥာဏ်မရှိသော အရုပ်တို့သဖွယ် တည်ထားပြရုပ်ပြုပြိးလျှင် အစိုးရတို့အလိုရှိရာ စီမံဆောင်ရွက်ခြင်း၌ ပြည်သူတို့အလိုတူယောင်ခွင့်ပြုယောင် ပရိယာယ်ဆောင်သော စည်းစနစ်ဖြစချေသည်။

မစ္စတာဘားနတ်ဟောတန်က (ထိုသူမှာမြန်မာပြည်တွင် ခရိုင်ဝန်အဖြစ် ဆောင်ရွက်သွားသော အိန္ဒိယပိဥာဉ်ခံ ဝန်ထမ်းဟောင်းတဦးဖြစ်၍ နယူးဘားမားသတင်းစာတွင် ဘိလပ်မှ ဆောင်းပါးသားနေသူ သမာသမတ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။)

ဒိုင်အာခီသည် အစိတ်အပိုင်းဖြစ်သော နည်းစနစ်အဖြာဖြာတို့ကို ဗြူရိုကရေစီက စီမံနိုင်ရန် လွဲလပ်ထားသည့်အတွက် ထောင်ချောက်ညွတ်ကွင်းနှင့် တူကြောင်း။

ဗြူရိုကရေစီက ဿရိယ အာဏာအားလုံးကို လက်ရသိမ်းယူထား၍ (မှတ်ရန်။

ဤ၌ ဌာနလေးခုခွဲထားရာ ပြည်ထဲရေးနှင့် ဘရေး အချုပ်အခြာကို အစိုးရကိုင်ထားမည်။ 

ထိုဌာနများအတွက် ပြည်သူ့ အမတ်များက ဘာမျှပြောပိုင်ခွင့်မရှိ၊ ပညာရေးနှင့်သစ်တောကို ပြည်သူ့အမတ်များသို့ လွဲပေးထားသည်။ 

ဤကိုရည်ရွယ်၍ မစ္စတာဘားနတ်ဟောက်တန်က ရေးသားခြင်းဖြစ်သည်။)

ပြည်သူတို့ကို ဗြူရိုကရက်တို့ အင်အားဗလ ကြီးစေခြင်းအလို့ငှါ ကူညီပူးပေါင်းကြရန် သွေးဆောင်ခေါ်ယူခြင်းမျှဖြစ်ကြောင်း။

ပြည်သူတို့ အခြင်းအရာ၏ အခြေမှန်ကို သေချာစွာကြည့်ရှုစုံစမ်းမည့် အယောင်ဆောင်ပရိယာယ်ကို မပြုမလုပ်သင့်ကြောင်း။

အခြင်းအရာ၏ အခြေဟူသည်မှာ တဘက်သောနေရာက အစိုးရအရာရှိတို့သည် ကိုယ်တိုင်တာဝန်ခံ အုပ်ချုပ်ခြင်းစစ်စစ်ကို စွမ်းအားရှိသမျှ ခုခံပိတ်ပင်လမ္မည်။

အဘယ်ကြောင့်ဆိုသော်ထိုအရာရှိတို့သည် ဿရိယအာဏာကို လိုလားသူများဖြစ်၍ နည်းအမျိုးမျိုး အသုံးချလျက် ထိုအာဏာအင်အားကို လက်မလွတ်ရအောင် ကြံပြီးလျှင် ကိုယ်ပိုင်တာဝန်ခံအုပ်ချုပ်ရေးကို မပေးရအောင် ဖင့်နွဲနှောင့်နှေးစေလိမည် ဖြစ်ကြောင်းနှင့် ဆိုထားခဲ့လေသည်။

တစ်ခုတည်းသောလမ်းစဥ

ဒီမိုကရေစီစည်းစနစ်တွင် အစဉ်မပြတ် ရန်သူများ ရှိနေလေသည်။ 

ယခုကဲ့သို့သော စည်းစနစ်ကို ဗြူရိုကရက်တို့၏ အလိုအတိုင်း လုပ်ကိုင်နိုင်စေရန် လွဲအပ်ထားခြင်းဖြစ်ပေသည်။ 

ယင်းသို့ဖြစ်ရှိခြေမူ အမျိုးသားတို့သည် မည်သည့်နည်းနှင့် ထိုအနှောင့်အဖွဲ့မှ ထွက်နိုင်ကြမည်နည်းဟူကား ထိုသို့ထွက်မြောက်နိုင်သော နည်းလမ်း တစ်ခုတည်းသာရှိသည်။

ယင်းသို့သောနည်းလမ်းဟူသည်မှာ အမျိုးသားတို့၏ ရသင့်ရထိုက်သော အခွင့်အရေးသည် ဆောလျင်စွာပြီးစီး အောင်မြင်သင့်သည်မှန်စေ၊ ပြည်သူတို့က သူတထူးအား ကိုးစားမှီခိုရန် မကြံ မမျှော်လင့်သင့်ကြပေ။ 

ပြည်သူကိုယ်တိုင်ဥဿဟထုတ်၍ အောင်ပန်းဆွတ်ခူးရန် ကြ့ကြရမည်ဟူ၍ မစ္စတာ ဘားနတ်ဟောက်တန်ကပင် ဆိုလေသည်။

ခေါင်းထောင်လာကြပြီး

အိန္ဒိယပြည်သည် ဗြိတိသျှအစိုးရတို့၏ တရားသဖြင့်စိုးအုပ်ခြင်းကတိ သစ္စာတည်ကြည်ခြင်းတို့ကို မယုံကြည်နိုင်ရှိကြ၍ ကိုယ့်ဒူးကိုယ်ချွန်အလုပ်ကိုစ၍ လုပ်ကြလေပြီ။ 

ယင်းအကြောင်းနှင့်ပတ်သက်၍ သည်ရိုက်အော်နာရေဘီ၊ ရှပ်ထရီး (ဘုရင်ခံချုပ်၏အမတ်ကြီးတဦး) သြစတြေးလျပြည်သို့ ထွက်ခွာမသွားမီ အိန္ဒိယဘုရင်ခံချုပ်၏ ဧည့်ခံထမင်းကျွေးပွဲ၌ ပြောဆိုသောစကားမှာ အိန္ဒိယပြည်သူတို့သည် အစိုးရမင်းတို့အား ယုံကြည်ကိုးစားခြင်း မရှိခဲ့ပြီးဖြစ်ကြောင်း၊ အိန္ဒိယလူမျိုးတို့က လွတ်လပ်ချမ်းသာရေးကို အလိုရှိပါသော် မိမိတို့ကိုယ်သာ အလျင်အားထားဖွယ်ရာဖြစ်ကြောင်း။ 

ထို့အကြောင့်အိန္ဒိယအမျိုးသားတို့သည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်စောသော အကြီးဆုံးသော တိုင်းရေးပြည်ရေး ပြည်မှုကို ဆောင်ရွက်လျှက်ရှိကြပြီးဖြစ်ကြောင်း ရှေးပဝေသဏီကပင်လျှင် ဝပ်အောင်းမှေးကပ်လျက်ရှိသော စိတ်ဓာတ်သွေးဓါတ်တို့သည် နိုးကြားကွန့်မြူးရှိကြပြီးလျှင် ရာဇဝင်အသွင်သွင်တို့၌ရှိသော အမှုဓလေ့တို့သည်လည်း ပျောက်ခဲ့လေပြီး။ 

အနိမ့်ဆုံးသော ဆင်းရဲသားကပင်လျှင် မိမိ၏ဦးခေါင်းကိုမော်လျက် မတ်မတ်တည့်တည့် အနှောင်အဖွဲ့မှလွတ်ကင်းသောသူကဲ့သို့ လမ်းလျှောက်သွားလာဝံ့ကြလေပြီး။